Search This Blog

Friday, December 16, 2011

တောင်ပေါ်သားနှင့် ရှင်ဥတ္တမကျော် - မင်းယုဝေ



ရှင်ဥတ္တမကျော်သည် ရဟန်းစာဆိုဖြစ်၍ အင်းဝခေတ်၌ ထွန်းကားသည်။ သက္ကရာဇ် ၈၁၅ ခု၌ ဖွားမြင်၍ သက်တော် ၈၉နှစ် အရွယ် သက္ကရာဇ် ၉၀၄ ခုတွင် ပျံလွန်တော်မူသည်ဟု အဆိုရှိလေသည်။
ရှင်ဥတ္တမကျော်သည် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ စသည်တို့နှင့် တခေတ်တည်း ထွန်းကားသည်။ ရှင်မဟာသီလဝံသနှင့် ကျောင်းနေဘက် သူငယ်ချင်းပင် ဖြစ်ခဲ့ဘူးလေသည်။ သို့ရာတွင် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ကဲ့သို့ မင်းနေပြည်ဝယ် သီတင်းသုံးခြင်း မပြုခဲ့။ မင်းဆရာမလုပ်ခဲ့။ ဆရာတော်ကို အင်းဝဘုရင် ဒုတိယ မင်းခေါင်နှင့် သားတော် ရွှေနန်းကြော့ရှင်ဘုရင် နရပတိတို့က မင်းနေပြည်တော်မှာပင် သီတင်းသုံးလျက် မင်းဆရာလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လျှောက်ထားဘူးသည်။ ဆရာတော်သည် လက်မခံခဲ့။ သာယာစည်ကားသော မင်းနေပြည်ကို ခွာခဲ့သည်။ ရွှေကျောင်းအုတ်ကျောင်းတို့ကို ကြဉ်ခဲ့သည်။ အနံ့အရသာနှင့်ပြည့်စုံသော ဆွမ်းခဲဘွယ် ဘောဇဉ်တို့ကို စွန့်ခဲ့သည်။ လူများစုနှင့် အလှမ်းဝေးရာဖြစ်သည့်တောတောင် အရပ်ဒေသ၌ တကိုယ်တည်း လှည့်လည်သီတင်းသုံး နေထိုင်ခဲ့သည်။ ဝါးကျောင်းငယ်၌ သီတင်းသုံးလျက် တရားအားထုတ်ခြင်း၊ကဗျာဖွဲ့ဆိုခြင်းတို့ကို ပြုခဲ့လေသည်။
ဆရာတော် ရေးဖွဲ့ခဲ့သော စာတို့အနက် နှောင်းသူတို့ အခိုင်အမာ ရှာမာရှာဖွေတွေ့ရှိသမျှမှာ တောလား ၉ ပုဒ်သာ ဖြစ်သည်။ နှောင်းသူတို့ ရှာဖွေမတွေ့ရှိဘဲ တိမ်မြုပ်နေသော ဆရာတော်၏ စာများ ရှိလိမ့်ဦးမည်ဟု ပညာရှင်အချို့က ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ ထိုတောလား ၉ပုဒ်ဖြင့်ပင် ဆရာတော်သည် မြန်မာစာပေလောက၌ ထင်ရှားနေလေပြီ။ နောက်နှောင်း စာဆို များ၏ ဆရာတဆူဖြစ်နေလေပြီ။ နဝဒေး၊ နတ်ရှင်နောင်၊ ရှင်သံခို၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း အစရှိသော စာဆိုများစွာတို့သည် ဆရာတော်၏ တောလားထဲမှ အဖွဲ့အနွဲ့အချို့ကို နည်းမှီ အတုယူ ခဲ့ကြလေသည်။ ယခုအခါ ဒေါက်တာဘဟန်က ဆရာတော်၏ တောလား ၉ ပုဒ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးလေပြီ။
ဆရာတော်သည် တောလား ၉ ပုဒ်အနက် နောက်ဆုံးတပုဒ်တွင် မိမိ ဘုရားဆုကို ပန်ကြောင်း ဖွဲ့ဆိုသည်။ အခြားရှစ်ပုဒ်တွင်ကား ဗုဒ္ဓမြတ်စွာ ဘုရားသခင် ကပိလဝတ်ပြည်ကို ဝင်တော်မူရာတွင် တောခြေ စုံတခွင်ကို ဖြတ်သန်းကြွချီပုံ ဖွဲ့ဆိုသည်။ သို့ဖွဲ့ဆိုရာ၌ ဘုရားသခင်အား လောကဓာတ်အလုံး ညွတ်ပျောင်း ပူဇော်ဟန်ကို ပြဆိုလိုသဖြင့် တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ ပန်းမန်စသော သဘာဝအလှတို့ကို အသားပေး ဖွဲ့ဆိုလေသည်။
ဆရာတော်သည် တောတောင် ဒေသတခွင်တွင် လှည့်လည်သီတင်းသုံးသူဖြစ်ရာ သဘာဝအလှကို ကောင်းစွာ ခံစားသိရှိသူဖြစ်သည်။ ထို့ကြောင့် သဘာဝအလှကို ဖွဲ့ဆိုရာတွင် စာတွေ့ကိုဖွဲ့ဆိုသည်မဟုတ်။ ငါတွေ့ဖြစ်သော မိမိကိုယ်တိုင် ကြုံတွေ့ခံစားမိသည့် သဘာဝအလှကိုသာ ဖွဲ့ဆိုသူဖြစ်သည်။ ဖွဲ့ဆိုရာတွင် လွန်စွာပိုင်နိုင်ထိမိလှသဖြင့် ပညာရှင်အများက ဆရာတော်ကို သဘာဝစာဆိုဟူ၍ပင် ခေါ်ဝေါ်သမုတ်ကြလေသည်။
ဆရာတော်သည် သဘာဝအလှကို ဖွဲ့ဆိုရာ၌ အဆင်းပါအောင်လည်း ဖွဲ့နိုင်သည်။ အသက်ပါအောင်လည်း ဖွဲ့နိုင်သည်။ အသံပါအောင်လည်း ဖွဲ့နိုင်သည်။ အနံ့ပါအောင်လည်း ဖွဲ့နိုင်သည်။ ထိုအချက်တို့ကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ရီ၊ ဣန္ဒနီဝယ်“ ဟူသော အဖွဲ့၌၎င်း၊ ” သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်“ ဟူသော အဖွဲ့၌၎င်း၊ “ မတန်ယဉ်ဆုံး၊ အင်ဂမုန်းနှင့်၊နန်းသုံးသဇင်၊ ကြိုင်သင်းရွှင်၍“ ဟူသော အဖွဲ့၎င်းဆင်ခြင်ကြည့်နိုင်ပေသည်။
ဆရာတော်၏ ကဗျာ့စွမ်းရည်သည် အံ့ချီးဖွယ် ကောင်းလှသည်။ ကောင်းကင်၌ အရောင်အမျိုးမျိုး အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းနေသော တိမ်တို့၏ တင့်တယ်ဟန်ကို “တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရမ်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ညိုခဲ့တလီ၊ ရီခဲ့တပုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့“ ဟူ၍ ဖွဲ့ဆိုထားရာ ပန်းချီဆရာများပင် နည်းမှီး အတုယူခဲ့ရပေသည်။
ဆရာတော်သည် သဘာဝစာဆို ဖြစ်သည်နှင့်အညီ သဘာဝ အလှကို ရေးဖွဲ့ခဲ့ငြားလည်း လူသားတို့ကိုကား မပစ်ပယ်ခဲ့။ အထူးသဖြင့် လယ်သမား၊ ယာသမားများကို မပစ်ပယ်ခဲ့။ သူ့ကဗျာတွင်တောတောင်အရပ်ဒေသ၌ သူ့နည်းတူ မထင်မရှားနေကြသော တောင်ပေါ်သား တောင်ယာသမားများ၏အမူအရာကို ထည့်သွင်း ဖွဲ့ဆိုထားပေသည်။
ဆရာတော်သည် တောတောင် အရပ်ဒေသ၌ လှည့်လည်သီတင်းသုံးနေထိုင်စဉ် ကရင်တောင်သူများကိုလည်း မြင်တွေ့ရာသည်။ ပလောင်တောင်သူများကိုလည်း မြင်တွေ့ရာသည်။ စိုက်ပျိုးမှုလုပ်ငန်းကို ထိုတောင်သူတို့ အလေးအမြတ်ပြုကာ ပျော်ရွှင်စွာ လုပ်ကိုင်နေကြသည်ကို သတိပြုမိရာသည်။ ထိုအခါ ဆရာတော့်စိတ်၌ မည်သို့ဖြစ်ပေါ်ပါသနည်း။ သူတို့လည်း သူတို့ဘာသာ အလျောက် ကြိုးပမ်းကြပေသည်တကား။ သူတို့၏ အမူအရာသည်လည်း နှစ်သက်ဖွယ်ပါတကား ဟူ၍ ဖြစ်ပေါ်မိရာသည်။ ထို့ကြောင့်လည်း ထိုစိတ်စေတနာကို ကဗျာ၌ ထည့်သွင်းဖွဲ့ဆိုခြင်း ပြုသည်ဟု ယူဆမိပေသည်။
ကဗျာ၌ တောင်ပေါ်သားတို့ တောကြီး တောင်ကြီးထဲ၌ ပျော်ရာပျော်ကြောင်း ကြံဖန် လုပ်ကိုင် စားသောက် နေကြဟန်၊ တောင်သူတို့ဘာဝ မီးရှို့ထားပြီး ဖြစ်သော ယာမြေ၌ မျိုးစေ့များကို တပျော်တပါး စိုက်ပျိုးကြဟန် ဖွဲ့ဆိုထားသည်မှာ
“တောခွင် တောင်ထု၊ ပျော်ကြောင်းလုသည်
တောင်သူ့ဓလေ့၊ ယာမီးကျွေ့သား
မျိုးစေ့မြေနှံ၊ ဒေဝမာန်လျှင်
ညံတခြိမ့်ခြိမ့်၊ဘဝင်စိမ့်မျှ“
တဖန် မိုးဦးကျအခါ၌ တောင်သူတို့ ထွန်ချမင်္ဂလာ ကျင်းပကြဟန်၊ ဘာသာဘာဝအလျောက် ကောက်ပဲအမျိုးမျိုးကို ပျော်မွေ့စွာ စိုက်ပျိုးကြဟန်၊ သူတို့လုပ်ငန်းကို အားကြိုးမာန်တက်ဆောင်ရွက်ကြဟန်၊ သူတို့၏ စွမ်းဆောင်ချက် လုပ်အားကို ဂုဏ်ယူကြဟန် ဖွဲ့ဆိုပြန်သည်မှာ
“ဝဿန်ကာလ၊ ရာသီစဝယ်
ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း
ဘာသာဓလေ့၊ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို
အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်“
ထို့ပြင် တပေါင်းလတွင် ဖက်ဆွတ်မိုးသည် တောတွင်းရှိ သစ်ပင်မှ ဖက်များ၊ အရွက်များကို တွန့်ခွေ ကျိုးကျသွားအောင် ရွာချဟန်၊ ထိုမိုးသည် ရွက်ကျင် ရွက်နာများကို ရေရိုးတလျှောက် ယူဆောင်သွားဟန်၊ ထိုရာသီတွင် နေမင်းထွန်းလင်းသည်နှင့် တပြိုင်တည်း ပလောင်အမျိုးသားတို့သည် ချိန်ခွင်တမျှညီနေအောင် တောင်ယာများကို တသသမွမ်းမံဇကြဟန် ဖွဲ့ဆိုလေသည်။
“မြိုင်ခြေအပြင်၊ စုံတခွင်က
ရွက်ကျင်ခွေကျိုး၊ ဖက်ချွေမိုးမူ
ရေရိုးယူဆောင်၊ မိန်တန်ဆောင်မှ
ပလောင်တောင်သ၊ ချိန်တမျှကို“
ဤအဖွဲ့အနွဲ့တို့တွင် တောင်ပေါ်သား တောင်ယာသမားများ၏ အမူအရာကို အထင်အရှား မြင်နိုင်သည်။ သူတို့သည် တောင်ယာလုပ်ငန်းကို ချစ်ခင်မြတ်နိုးစွာ ကြိုးပမ်း လုပ်ဆောင်သူများဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်သည်ကိုလည်း မြတ်နိုးဂုဏ်ယူတတ်ကြသည်။ သူတို့ လုပ်ထားသော ယာများကို တသသ မွမ်းမံခြင်းလည်း ပြုတတ်ကြသည်။ ချစ်ခင်မြတ်နိုးဖွယ်ရာ အမူအရာတို့ပင်တည်း။ ထိုအမူအရာတို့ကို ဆရာတော် မြင်တတ်သည်မှာချီးကျူးဖွယ်ပင်။ တဖန် ထိုအမူအရာတို့ကို ကဗျာ၌ ပါရှိအောင်ထည့်သွင်း ဖွဲ့ဆိုနိုင်သည်မှာလည်း ချီးကျူးဖွယ်ပင်။
စင်စစ် တောလားဆိုသည်မှာ တောတောင်၏ အခြေအနေအလားအလာကို ဖွဲ့ဆိုသော ကဗျာသာဖြစ်သည်။ ဤတွင် တောတောင်ရေမြေတည်းဟူသော သဘာဝအလှကို ဖွဲ့နွဲ့မှုသည် အဓိကဖြစ်ပေသည်။ ထိုမှ တပါး ယခု တောလားတွင် ဆရာတော်မဏ္ဍိုင် ပြုထားသော အကြောင်းအရာမှာလည်း ဗုဒ္ဓမြတ်စွာဘုရားသခင် ကပိလဝတ်ပြည်သို့ တောလမ်းတလျှောက် ဖြတ်သန်းကြွချီပုံ အကြောင်းအရာဖြစ်သည်။ သို့စဉ်လျက် ဆရာတော်သည် သူတွေ့မြင်ဆက်ဆံခဲ့ဘူး၍ လေးစားချစ်ခင်ခြင်းရှိခဲ့သော တောင်ပေါ်သား တောင်ယာသမားတို့၏ လေးစားချစ်ခင်ဖွယ် အမူအရာတို့ကိုသူ၏ တောလားတွင် ထည့်သွင်းဖွဲ့ဆိုခြင်းပြုခဲ့ပေသည်။ ဆရာတော်ကို ထူချွန်ပါပေသည်၊ ဥာဏ်ခံကြီးကျယ်ပါပေသည်၊ စေတနာမွန်မြတ်ပါပေသည်ဟု ဆိုသင့်ပေသည်။
မြန်မာစာပေလောကတွင် တောင်ပေါ်သား တောင်ယာသမားတို့၏ အမူအရာကို ဖွဲ့ဆိုသောစာဆိုတို့ နည်းပါးခဲ့သည်။ ထိုနည်းပါးသော စာဆိုတို့တွင် ရှင်ဥတ္တမကျော်သည် ရှေ့ပြေးဖြစ်သည်ဟု ယူဆမိပေသတည်း။


မင်းယုဝေ
(၁၉၆၄)
တိုက်စိုး၊ မင်းယုဝေ ၏ မြန်မာစာမိတ်ဖွဲ့ စာအုပ်မှ-

0 comments:

Post a Comment